အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုက ဘယ်လိုအရာနဲ့တန်ဖိုးခြင်းယှဉ်လို့ရမလဲ
အင်္ဂလိပ်ဘာသာစကားက ကမ္ဘာတစ်ဝှမ်းမှာ ဆက်သွယ်ရေးအနေနဲ့အသုံးပြုနေကြတဲ့ ဘာသာစကားတစ်ခုဆိုတာကို အားလုံးကလက်ခံထားပြီးသားပါ…။ ကျောင်းတွေမှာလည်း အင်္ဂလိပ်စာကိုအခြေခံအနေနဲ့ သင်ကြားလာကြတဲ့အပြင် နွေရာသီပိတ်ရက်တွေမှာလည်း အင်္ဂလိပ်စာသင်တန်းတွေ တက်ကြနဲ့ဆိုတော့ အင်္ဂလိပ်စာနဲ့ အရမ်းကြီးမစိမ်းနေတော့ဘူးပေါ့…။ လူတိုင်းလူတိုင်း အင်္ဂလိပ်စာကို အခြေခံထမင်းစားရေသောက်လောက် တတ်ရုံတင်မဟုတ်ပဲ တကယ်ကျွမ်းကျင်နေမယ်ဆိုရင် ရရှိလာမယ့်ကောင်းကျိုးတွေလည်း ရှိပါတယ်…။
တစ်ခြားဘာသာစကားတွေကလည်း တတ်ထားသင့်တယ်ဆိုပေမယ့်လည်း အင်္ဂလိပ်ဘာသာစကားဆိုတာက တတ်ထားမယ်ဆိုရင်ပိုပြီးတော့ အသုံးဝင်တဲ့ ဘာသာစကားတစ်ခုလည်းဖြစ်ပါတယ်… တကယ်လို့သင်နိုင်ငံခြားခရီးတွေထွက်မယ်ဆိုရင်တော့ ကမ္ဘာသုံးစကားဖြစ်တဲ့ အင်္ဂလိပ်စကားကိုပဲ အသုံးပြုရမှာဖြစ်တဲ့အတွက်ကြောင့် တတ်ထားမယ်ဆိုရင် သင့်အတွက်ခက်ခဲတဲ့ခရီးတစ်ခု ဖြစ်မှာမဟုတ်ပါဘူး...။
သူများကပြောပြမှသိတာနဲ့ ကိုယ့်ဘာသာကိုရတဲ့ ဗဟုသုတက ကွာခြားမှုတော့ရှိတာပေါ့…။ အင်တာနက်သုံးရင်တောင် တစ်ခုခု Update ဖြစ်တာတွေဆိုရင် နိုင်ငံခြား Page တွေကတင်တာဆိုတော့ အင်္ဂလိပ်ဘာသာစကားနဲ့ဆိုတော့ ကိုယ်ကတတ်ထားမယ်ဆိုရင် ကိုယ်တိုင်လေ့လာလို့ရပြီး သူများကတစ်ဆင့်ရှင်းပြတာကို နားထောင်နေစရာမလိုတော့ဘူးပေါ့…။
အလုပ်အကိုင်အခွင့်အလမ်းအတွက်ဆိုရင်လည်း အားသာချက်တစ်ခုအနေနဲ့ ရပ်တည်နိုင်တဲ့အနေအထားတစ်ခုပါ…။ အခုခေတ်မှာ အင်္ဂလိပ်ဘာသာစကားကို ကောင်းကောင်းမွန်မွန် တတ်ကျွမ်းထားမယ်ဆိုရင် အနည်းဆုံးဘွဲ့မရသေးဘူးဆိုရင်တောင် အလုပ်အကိုင်အခွင့်အလမ်းက မရှားနေပါဘူး…။ ဘွဲ့ရချင်းတူနေရင်တောင် အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့သူက ပိုပြီးအခွင့်အရေးများတာကို တွေ့လာရပါတယ်…။
တစ်ခုခုဆိုရင် မျက်စိသူငယ်နားသူသယ်ဖြစ်နေစရာ မလိုပါဘူး… ကိုယ်ကိုယ်တိုင်ကလည်း အင်္ဂလိပ်စကားကို နားလည်တတ်ကျွမ်းနေတဲ့အခါမှာ ဘာအကြောင်းအရာကိုမဆို ရဲရဲဝန့်ဝန့်ဝင်ပြီးပြောလို့ရတာတော့ အမှန်ပါပဲ…။
တကယ်လို့ နိုင်ငံခြားမှာ ကျောင်းသွားတတ်ချင်ပါတယ်ဆိုရင်တောင် အင်္ဂလိပ်ဘာသာစကားတတ်ထားမှ ပိုအဆင်ပြေမှာပေါ့…။ နိုင်ငံခြားကျောင်းတွေတင်မဟုတ်ပါဘူး… အခုဆိုရင်လည်း ဒီမြန်မာနိုင်ငံ သင်တန်းတွေ၊ Diploma တန်းတွေတော်တော်များများက နိုင်ငံခြားကဆရာတွေ၊ ဆရာမတွေကို ခေါ်ယူသင်ကြားတာဖြစ်တဲ့အတွက် သင်အနေနဲ့နောက်ထပ်ပညာရေးတစ်ခုကို ခြေလှမ်းစတင်ချင်တယ်ဆိုရင်တောင် အင်္ဂလိပ်စာကိုကောင်းကောင်း လေ့လာထားနိုင်မှ သင့်အတွက်အောင်မြင်မှုတွေကိုလည်း ရနိုင်ဖို့လမ်းစရှိမှာပဲဖြစ်ပါတယ်…။
ဒါကြောင့် လူငယ်တွေအနေနဲ့လည်း အင်္ဂလိပ်စာကိုအခြေခံကနေစပြီး တကယ်တတ်မြောက်တဲ့ထိ သေသေချာချာလေ့လာမှတ်သားမယ်ဆိုရင် သင့်အတွက်နှစ်နာသွားမယ့်အရာတွေဆိုတာ ဘာမှမရှိပါဘူး…။ ပညာရပ်တစ်ခုဆိုတာ လေ့လာလို့ကုန်သွားတယ်ဆိုမျိုးမရှိသလို အင်္ဂလိပ်စာဆိုတဲ့ဘာသာရပ်ကလည်း လေ့လာလို့ပြီးမြောက်သွားတယ်ရယ်လို့မရှိပါဘူး…။ အမြဲတမ်းလေ့လာနေမှ တိုးတက်သထက် တိုးတက်လာမှာပဲရှိတယ်လေ… နောက်ပြီးဘွဲ့တစ်ခုရသွားတာနဲ့ ကိုယ့်ကိုယ်ကိုပညာတွေ အရမ်းတတ်မြောက်သွားတယ်လို့ မသတ်မှတ်လိုက်စေချင်ပါဘူး…။ နိုင်ငံရဲ့စီးပွားရေး အခြေအနေအရလည်း နိုင်ငံခြားကုမ္ပဏီတွေဝင်ရောက်မှုက ပိုများလာတော့မှာဆိုတော့ သင့်အနေနဲ့အလုပ်အကိုင်ကောင်းတစ်ခုမှာ နေရာကောင်းကောင်းရချင်တယ်ဆိုရင်တော့ အင်္ဂလိပ်စာကိုလည်း ကောင်းကောင်းလေ့လာထားဖို့လိုပါတယ်…။
Comments