အင်္ဂလိပ်စာ လေ့လာသင်ယူနည်းများ


ကျွန်မငယ်ငယ်က အင်္ဂလိပ်စာကို ဘယ်လို သင်ယူခဲ့သလဲဆိုတဲ့အကြောင်းလေးကို အရင်တစ်ပတ်စနေနေ့က မျှဝေပေးခဲ့ပါတယ်။ ဒီတစ်ပတ်ကတော့ ကျွန်မရဲ့ အတွေ့အကြုံတွေကနေ နားလည်သဘောပေါက်ထားတဲ့ ဘာသာစကားသင်ယူမှုနဲ့ သင်ယူနည်းတွေကို မျှဝေပါ့မယ်။ အင်္ဂလိပ်စာကို သင်ကြားသူရော၊ လေ့လာသူတွေ အတွက်ပါ အထောက်ကူပြုဖို့ မျှော်လင့်ပါတယ်။

အင်္ဂလိပ်စာသင်ယူနည်းတွေကို မပြောခင် ဘာသာစကားတွေအကြောင်း နားလည်ဖို့လိုပါတယ်။ နားမလည်ရင် သင်ယူမှုအတွက် နှောင့်နှေးမှုတွေဖြစ်နိုင်လို့ သေချာဖတ်ပေးပါ။

အင်္ဂလိပ်စကားဆိုတာ အင်္ဂလန်နိုင်ငံက အင်္ဂလိပ်တွေ အသုံးပြုတဲ့  မိခင် ဘာသာစကားမို့လို အင်္ဂလိပ်စကားလို့ သုံးနှုန်းကြတာ အားလုံးသိကြမှာပါ။ ကျွန်မတို့တစ်တွေကတော့ မြန်မာစကားကို မိခင်စကားအဖြစ် ပြောရင်း ကြီးပြင်းလာကြသလို အခြားတိုင်းရင်းသားတွေလည်း ကိုယ့်ရဲ့ တိုင်းရင်းသားဘာသာစကားကို မိခင်စကားအဖြစ် ပြောရင်း ကြီးပြင်းလာကြတယ်။

ကျွန်မတို့ မိခင်ဘာသာစကားကို စသိတဲ့ ကလေးဘဝကို စဉ်းစားကြည့်ပါ။ မွေးခါစ ကလေးတွေဟာ ပထမဦးဆုံး ဘာမှ မပြောတတ်ဘူး။ အရင်ဆုံး ဘေးက ပြောနေတဲ့ ဖေဖေ၊ မေမေ၊ မိသားစုဝင်တွေရဲ့ စကားတွေကို နားထောင်တယ်။ ကိုယ့်ကို စကားလာပြောသူတွေရဲ့ ပါးစပ်လှုပ်ပုံကို ကြည့်တယ်၊ အသံနေ အသံထားတွေကို နားထောင်တယ်။ တစ်ဖြည်းဖြည်းနဲ့ ဖေဖေ သော်လည်းကောင်း မေမေ သော်လည်းကောင်း စခေါ်တယ်။ စား၊ သွား စတဲ့ စကားလုံးလေးတွေကို တစ်လုံးစ နှစ်လုံးစ စမ်းပြီးတော့ ပြောကြည့်တယ်။  ပြီးရင် စကားလုံးတွဲလေးတွေ ပြောကြတယ်။ စာကြောင်းတိုတွေ နောက်မှာဆက်ပြောနိုင်လာတယ်။ ကျောင်းတက်ကြတဲ့ အချိန်ရောက်တဲ့အခါ စာကြောင်း ရှည်ရှည်တွေကို ပိုပြောနိုင်နေကြပြီ။ တစ်လျှောက်လုံးမှာ ပတ်ဝန်းကျင်နဲ့ မိသားစုတွေက ဝိုင်းပြီး ကူညီကြတယ်။ အားပေးကြတယ်၊ သင်ပေးကြတယ်။ ရုပ်ပုံလေးတွေပြ၊ ပုံပြင်လေးတွေပြော၊ သီချင်းလေးတွေနားထောင်၊ ရုပ်ရှင်လေးတွေပြ၊ ကဗျာလေးတွေဆိုပြီး ကလေးတွေ စကားပိုပြောတတ်အောင်၊ ပျော်ရွှင်နေအောင်၊ အသိပညာတိုးအောင် အမျိုးမျိုး လုပ်ဆောင်ပေးကြတယ်။ ကလေးဟာ အမြင်အားဖြင့်၊ အကြားအားဖြင့် လေ့လာသင်ယူတယ်။ ပြီးရင် ကြားထားတာ၊ မြင်ထားတာအပေါ် ကိုယ်သိသလို တတ်သလို ပြောရင်း ပြောရင်းနဲ့ ဘာသာစကားဟာ ပိုပြီး ကြွယ်ဝလာတယ်။

ဘာသာစကားဟာ အပြန်အလှန်ပြောဆိုဖို့ အဆင်ပြေလာပြီဆိုတဲ့အချိန်မှာ ပြောဆိုရမယ့် အကြောင်းအရာ ဗဟုသုတတွေက အရေးပါလာတယ်။ ကိုယ်က သင်ကြားရေးအကြောင်းပြောချင်ပေမယ့် သင်ကြားရေးနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကို မလေ့လာထားရင် အသုံးနှုန်းတွေ မသိဘူး၊ ပြောတတ်သလောက် မဆွေးနွေးနိုင်ဘူး။ ကလေးတွေမှာတော့ မေးခွန်းတွေ မေးခြင်းအားဖြင့် ဗဟုသုတတိုးအောင် ကြိုးစားတယ်။ သိချင်စိတ်၊ တတ်ချင်စိတ်ကြောင့် မေးခွန်းပေါင်းများစွာ မေးကြတယ်။ လူကြီးတွေရဲ့ အဖြေတွေအပေါ်ကနေ ဗဟုသုတကို တည်ဆောက်ကြတယ်။ အဲဒီ့အခါကျမှ သူတို့ပြောချင်တဲ့ အကြောင်းအရာကို သင့်တော်တဲ့ စကားလုံး အသုံးနှုန်းတွေနဲ့ ပိုပြီး ကျွမ်းကျင်စွာ ပြောတတ်လာတယ်။ ဒါကြောင့် ဘာသာစကားကို ကိုယ်လေ့လာချင်တဲ့၊ ဆွေးနွေးချင်တဲ့ အကြောင်းအရာနဲ့ ချိတ်ဆက် လေ့လာဖို့လိုတယ်။ သဒ္ဒါကြည့်လေ့လာနေလို့ မလုံလောက်ဘူး၊ ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေ ပြောတတ်ဖို့ အဲဒီ့အကြောင်းအရာတွေကို ရည်ညွှန်းတဲ့ အသုံးအနှုန်းတွေ ဗဟုသုတတွေကိုပါ လေ့လာရမယ်။

ငယ်စဉ်က မိခင်ဘာသာစကားလေ့လာခဲ့တဲ့ အပေါ် အခြေခံပြီး ဒုတိယ (သို့) တတိယ ဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စကားကို ပြောတတ်အောင် ဘယ်လို လေ့ကျင့်မလဲဆိုတာ ဆက်ပြီး ဆွေးနွေးပါ့မယ်။

က) အမြင်အားဖြင့်၊ အကြားအားဖြင့် သင်ယူပါ။
----------------------------------------
ကျွန်မတို့ ငယ်ငယ်က မိဘတွေ ပြောတာကို ကြည့်ရင်း နားထောင်ရင်း သင်ယူခဲ့တာကို သတိရပါ။

၁ --- အင်္ဂလိပ်လို စကားပြောတာတွေပါတဲ့ ဇာတ်ကားတွေကြည့်ပါ။
အသံထွက်တဲ့အခါ ပါးစပ်တွေကို ဘယ်လို ရွေ့သွားလဲ၊ လှုပ်သွားလဲ လေ့လာပါ။  ကြိုက်တဲ့ စာကြောင်းလေးတွေ၊ စကားလုံးလေးတွေရှိရင် မှတ်ထားပါ။ ခဏ ခဏ နားထောင်ကြည့်ပါ။ ဇာတ်ကားထဲမှာ ဘယ်စာကြောင်းကို ဘယ်လို ခံစားပြီး ဘယ်လို အသံအနိမ့်အမြင့်နဲ့ပြောသလဲဆိုတာတွေ လေ့လာလိုရပါတယ်။ လိုက်ပြောကြည့်ပါ။ တစ်ခါတစ်လေ အင်္ဂလိပ်စကားမှာလည်း မြန်မာစကားမှာလို စကားလုံးတူပေမယ့် အသံနေအသံထားမတူရင် အဓိပ္ပါယ်ကွဲတာမျိုးတွေရှိတာကို လေ့လာရမှာပါ။

၂ --- စာအုပ်တွေဖတ်ပါ။
ကိုယ့်အဆင့်နဲ့ကိုက်ညီမယ့် စာအုပ်ကိုဖတ်ပါ။ စာအုပ်ရွေးချယ်တဲ့အခါ စာမျက်နှာ တစ်မျက်နှာမှာ ကိုယ်မသိတဲ့ စကားလုံး ၁၅ လုံး အထက်ပါနေရင် ကိုယ့်အဆင့်မဟုတ်မှန်းသိပါ။ အချို့က အဘိဓာန်စာအုပ်ကြီးတွေနဲ့ ရှာလိုက်ဖတ်လိုက်လုပ်ကြတယ်။ သိပ်ပြီး မထိရောက်ပါဘူး။ ကိုယ်နဲ့ကိုက်ညီတဲ့ စာအုပ်ထဲမှာ မသိတဲ့ စကားလုံးတွေပါခဲ့ရင် စာကြောင်း (သို့) စာပိုဒ်ကို အဆုံးထိဖတ်ပြီး အဲဒီ့စကားလုံးရဲ့ အဓိပ္ပါယ်ကို ခန့်မှန်းပါ။ အဲဒီ့လိုလုပ်တာဟာ စကားပြောတဲ့အခါ ဘာသာစကားနားလည်မှုကို အထောက်ကူပြုပါလိမ့်မယ်။ ဘာသာစကားအသုံးပြုပြောဖို့စကားလုံးတွေ ပိုကြွယ်ဝလာဖို့လည်း စာဖတ်ခြင်းက ကူညီနိုင်ပါတယ်။

၃ --- အင်္ဂလိပ်သီချင်း၊ သတင်း၊ ဟောပြောပွဲတွေ နားထောင်ပါ။
ကြားလိုက်ရတဲ့ စကားလုံးတွေအပေါ် တတ်နိုင်သလောက် ထပ်တူကျအောင် လိုက်ပြောကြည့်ပါ။ စကားလုံးတွေရဲ့ အနောက်က (s)အသံတွေ (t) အသံတွေ (d)အသံတွေ စတာတွေကို ကြိုးစားပြီး ပြောကြည့်ပါ။ နားထောင်တဲ့ အကြောင်းအရာတွေကိုလည်း နားထောင်သလို သုံးသွားတဲ့ အသုံးအနှုန်းတွေကိုလည်း နားထောင်ပါ။ သဘောကျတာလေးတွေကို မှတ်ထားပါ။ လေ့ကျင့်ပါ။ ကျွန်မငယ်ငယ်ကဆို ကတ်ဆက်အခွေထဲက အင်္ဂလိပ် ဇာတ်လမ်းတွေကို သူတို့အသံနဲ့ထပ်တူကျအောင် လိုက်ဆိုကြည့်တယ်။ တစ်သွေမတိမ်းဖြစ်အောင် လိုက်ဆိုနိုင်တဲ့အထိဆိုတယ်။ တစ်ခါတစ်လေ ပါးတွေတောင် ညောင်းတယ်။ မြန်မာစကားပြောတဲ့အခါ သုံးတဲ့ ပါးစပ်ကြွက်သားတွေနဲ့က တစ်ခါတစ်လေ မတူဘူးလေ။ ပြောနေမကျတဲ့အခါ ပါးစပ်လှုပ်တာ အကျွမ်းတဝင်ဖြစ်ဖို့ ကိုယ်က လေ့ကျင့်ပေးဖို့လိုတယ်။

ခ။ လုပ်ငန်းခွင်ဆိုင်ရာ၊ ဝါဿနာပါရာ ခေါင်းစဉ်တွေကနေတစ်ဆင့်သင်ယူပါ။
-------------------------------------------------
ဘာသာစကားကောင်းကောင်းပြောနိုင်ဖို့ ပြောမယ့်အကြောင်းအရာတွေကလည်း အရေးပါတယ်ဆိုတာ ကျွန်မ အပေါ်မှာ ပြောပြခဲ့ပါတယ်။ သဒ္ဒါစည်းမျဉ်းတွေသိပေမယ့် ပြောချင်တဲ့ အကြောင်းအရာနဲ့ အသုံးအနှုန်းတွေကို မသိရင် စကားတွေ ပြောထွက်မှာ မဟုတ်ပါဘူး။

၄ --- ဒါကြောင့် ကိုယ့်ရဲ့ လုပ်ငန်းခွင် (သို့) ဝါဿနာနဲ့ဆက်စပ်တဲ့ ခေါင်းစဉ်တွေ အကြောင်း လေ့လာရင်း သင်ယူပါ။ ဆိုကြပါစို့ - ကျွန်မက ကားမောင်းတဲ့သူတစ်ယောက်ဖြစ်တယ်။ ကျွန်မ နိုင်ငံခြားသားတွေကို ကားမောင်းပို့ရင်း စကားပြောချင်တယ်ဆိုရင် ကျွန်မ ပုံမှန်ပြောမယ့် အကြောင်းအရာတွေက နိုင်ငံခြားသားတွေရဲ့ နိုင်ငံတွေ အကြောင်း၊ ကိုယ့်နိုင်ငံအကြောင်း၊ ကိုယ်နေတဲ့ မြို့ အကြောင်းတွေ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါဆို ကျွန်မ စာဖတ်ဖို့ ရွေးချယ်တဲ့အခါ၊ နားထောင်ဖို့ ရွေးချယ်တဲ့အခါ ကိုယ်သိချင်တဲ့ နိုင်ငံနဲ့ဆက်စပ်တာ၊ ကိုယ့်နိုင်ငံ ကိုယ့်မြို့နဲ့ ဆက်စပ်တာတွေကို ရွေးချယ်သင့်တယ်။ အဲဒါမှ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေကိုလည်း ပိုသိလာမယ်၊ အဲဒီ့အကြောင်းအရာတွေကို အင်္ဂလိပ်လို ဘယ်လို ပြောကြတယ်၊ ရေးကြတယ်ဆိုတာ လေ့လာနိုင်မယ်။ ပြီးရင် အပေါ်မှာ ပြောခဲ့သလို လိုက်ပြောကြည့်မယ်၊ လိုက်ရေးကြည့်ရမယ်။

ဝါဿနာပါရာခေါင်းစဉ်ဆိုလည်း အပေါ်ကအတိုင်းပါပဲ။ ကိုယ်က ဘောလုံးစိတ်ဝင်စားတယ်ဆိုရင် ဘောလုံးသတင်းတွေ၊ ဘောလုံးကြေငြာချက်တွေ စတာတွေကို အင်္ဂလိပ်လို စဖတ်ကြည့်ပေါ့၊နားထောင်ကြည့်ပေါ့။ ပြန်ပြောကြည့်ပေါ့။

၅ --- သိချင်စိတ်ကလည်း ဘာသာစကားသင်ယူတဲ့အခါမှာ အရေးပါပါတယ်။ ဒီအကြောင်းအရာကို ဒီနေရာမှာ ဘယ်လို ပြောရတာလဲ၊ ဘယ်လိုအချိန်မှာ ဘယ်လို အသုံးအနှုန်းမျိုးကို သုံးသင့်လဲ စတဲ့ ဘာသာစကား/အကြောင်းအရာတွေနဲ့ ဆက်စပ်တဲ့ မေးခွန်း ကိုယ့်ခေါင်းထဲမှာ ရှိမှ ကိုယ်သိချင်တာ မြန်မြန်သိနိုင်မယ်၊ သိချင်စိတ်ပြင်း၃ပြရင် လေ့လာဖြစ်တယ်၊ လေ့လာဖြစ်ရင် ပိုတတ်လွယ်တယ်။ ဒါကြောင့် ကိုယ့်သင်ယူမှုအတွက် မေးခွန်းမေးရတာ မရှက်ပါနဲ့။

ဂ။ သူငယ်ချင်း၊ မိသားစုအပြင် ပတ်ဝန်းကျင်ကလူတွေနဲ့ ပူးပေါင်းပါ။
--------------------------------------------
ကျွန်မတို့ငယ်စဉ်က အားလုံးက ရည်ရွယ်၍ ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ သင်ပေးခဲ့တာတွေကို အမှတ်ရပါ။

၆ --- ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို နားလည်အောင် ပြောပြပါ။
ငယ်ငယ်က မှားသွားရင်အောင် ဝိုင်းမလှောင်ဘဲ ပံ့ပိုးကြသလို အခု ကိုယ်က လေ့ကျင့်ပြီဆိုရင် ဝိုင်းမလှောင်ဘဲ အတတ်နိုင်ဆုံး ကူညီပေးကြဖို့ပွင့်ပွင့်လင်းလင်းပြောပါ။ စကားပြောတဲ့အခါ အမှားတွေ အမြဲလာလာထောက်နေတာမျိုးကို လုပ်စေချင်သလား ဒါမှမဟုတ် ဘယ်လို အချက်အလက်တွေအပေါ် မှားသွားရင် ပြင်ပေးပါဆိုတာမျိုးပြောမလားဆိုတာကတော့ ကိုယ်တိုင်ဆုံးဖြတ်ဖို့လိုပါတယ်။ လူတိုင်းဟာ အမှားပါမှာပဲ။ စကားပြောတဲ့အခါ သဒ္ဒါမှားတိုင်း ပြင်စရာမလိုပါဘူး။ အားလုံးနားလည်နိုင်ဖို့ ဘာသာစကားကို အသုံးပြုကြတာဖြစ်လို့ နားလည်ဖို့ အဓိကပါပဲ။ ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေ အင်္ဂလိပ်စကားကို ကြိုးစားပြောနေချိန်မှာ မလှောင်ကြဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်။ သူတို့ကို ပံ့ပိုးပေးပါ၊ အားပေးပါ၊ ဆက်ပြောရဲအောင် ကူညီပါ။

၇ --- သူငယ်ချင်းတွေနဲ့ အင်္ဂလိပ်စာ စကားဝိုင်းလေးတွေလုပ်ပါ။ အင်္ဂလိပ်စာ လေ့လာနေသူတွေ အချင်းချင်း ခေါင်းစဉ်တစ်ခုအပေါ် အခြေခံပြီး အင်္ဂလိပ်လို စကားဝိုင်းလေးတွေ လုပ်ကြည့်ပါ။ တစ်ပတ်ကို တစ်ရက်ဖြစ်စေ၊ နှစ်ရက်ဖြစ်စေ ပုံမှန် တွေ့ပြီး စကားဝိုင်းလေးကို တစ်နာရီလောက်ဖြစ်ဖြစ်လုပ်ကြည့်ပါ။ သူငယ်ချင်းတွေ ပူးပေါင်းပြီး အပြန်အလှန် သင်ယူခြင်းဟာ ထိရောက်မှုရှိပါတယ်။ စာကြောင်းတစ်ကြောင်းကို ကိုယ်ပြောတဲ့ပုံနဲ့ နောက်တစ်ယောက်ပြောလိုက်တဲ့ပုံမတူနိုင်ပါဘူး။ သူများတွေ ဘယ်လိုပြောကြလဲဆိုတာ လေ့လာနိုင်သလို ကိုယ်တိုင်လည်း လေ့ကျင့်ဖို့အတွက် အခွင့်အလမ်းရမှာပါ။

၈ --- တစ်ယောက်ထဲ (သို့) သူငယ်ချင်းတွေနဲ့ အင်္ဂလိပ်စာ ဂိမ်းလေးတွေ ကစားကြည့်ပါ။ ကျွန်မတို့ငယ်ငယ်ကဆိုရင် စကားလုံးဆက်တာတို့(Scramble) ၊ ပဟေဠိဝှက်တာတို့(puzzles)စကားလုံးရှာတာတို့ (word search)၊ ဘင်ဂိုကစားနည်းတို့ (bingo)၊ နောက်စာလုံးနဲ့ အစစာလုံးပြန်ပြော (last letter game) စတဲ့ ကစားနည်းတွေကို သူငယ်ချင်းတွေနဲ့ အတူတူ အားရင် ကစားတယ်။ ဘယ်သူမှမအားရင် တစ်ယောက်ထဲလုပ်တယ်။ ပျော်စရာလည်းကောင်းတယ်၊ ဝေါဟာရကြွယ်ဝဖို့လည်း အထောက်ကူပြုတယ်။

၉ --- နိုင်ငံခြားသားတွေ ရှာပြီး လေ့ကျင့်ပါ။ 
တစ်ယောက်ထဲ သွားမပြောရဲရင် အဖွဲ့လိုက် နိုင်ငံခြားသားတွေ ရှိတတ်မယ့်နေရာလေးတွေရှာပြီး သွားကြည့်ပါ။ တတ်သလောက် မှတ်သလောက် ပြောကြည့်ပါ။ မှားတာ မှန်တာထက် ပြောရဲဖို့ အဓိကမို့ သူငယ်ချင်းတွေစုပြီး ပျော်ပျော်ပါးပါး သွားပြီး လေ့ကျင့်ပါ။ တစ်ချို့နိုင်ငံခြားသားတွေက စကားပြန်ပြောပေးချင်ကြသလို၊ အချို့ကလည်း ပြောချင်မှ ပြောမှာပါ။ ပြန်မပြောလို့ စိတ်မညစ်ပါနဲ့။ ကိုယ်တွေနဲ့ ပြောချင်မယ့်သူတွေကို ဆက်ရှာကြည့်ပါ။

ဃ။ တစ်ယောက်ထဲ လေ့ကျင့်ပါ။
-------------------------------
၁၀ --- နေ့စဉ်မှတ်တမ်း၊ မှတ်စု၊ သုံးသပ်လွှာ၊ စာ တွေ ရေးကြည့်ပါ။
ကျွန်မဆိုရင် မရှိတဲ့ - မသိတဲ့ တစ်စုံတစ်ယောက်ဆီကိုစာရေးလေ့ရှိတယ်။ ကိုယ်တစ်နေ့တာ လုပ်ခဲ့တဲ့ အကြောင်းအရာတွေ၊ တွေ့ခဲ့ မြင်ခဲ့တာတွေကို အဲဒီ့လူကိုပြောပြတယ်။ နောက်တော့ ကျွန်မရဲ့ သူငယ်ချင်းလည်းဖြစ် ဆရာမလည်းဖြစ်တဲ့သူဆီကို စာရေးတယ်။ သူ့ဆီကို ပို့ပို့ မပို့ပို့ စာရေးတယ်။ စာရေးဖို့အတွက် ကျွန်မ အကြောင်းအရာတွေကို စဉ်းစားရသလို ဘယ်လိုရေးမလဲဆိုတာကိုလည်း စဉ်းစားရတယ်။ နှုတ်ကပြောရဲဖို့အတွက် ဒီလို စာရေးလေ့ကျင့်တာကလည်း ပံ့ပိုးမှုပေးပါတယ်။ 

၁၁ --- အသံထွက်ပြီး ဖတ်ကြည့်ပါ။ အသံသွင်းပြီး နားထောင်ကြည့်ပါ။
ကိုယ်ရေးထားတဲ့ စာကိုဖြစ်ဖြစ်၊ ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကိုဖြစ်ဖြစ် အသံထွက်ပြီး အသံနေအသံထားအမျိုးမျိုး၊ အဖြတ်အတောက် မှန်မှန်နဲ့ အသံတွေပီအောင် ဖတ်ကြည့်ပါ။ အသံပီအောင်ဆိုတာ (s, t, d)စတဲ့ နောက်ဆုံးမှာပါတဲ့ စကားလုံးတွေရဲ့ အသံကို ချန်မထားပဲ သေသေချာချာဖတ်ဖို့ကိုပြောတာပါ။ အဆင်ချောလာရင် အသံသွင်းကြည့်ပါ။ ကိုယ့်အသံကို ပြန်နားထောင်ကြည့်ပါ။ ဘယ်နေရာတွေမှာ ဘယ်လိုဖြစ်နေလဲဆိုတာ လေ့လာနိုင်ပါတယ်။ ကျွန်မဆိုရင် အခုချိန်ထိ အသံထွက်ပြီး ဖတ်ရတာ ကြိုက်တယ်။ (ဗွီဒီယိုရိုက်ချင်ရင်လည်း ရိုက်ကြည့်ပါ ဘယ်အချိန်မှာ ဘယ်လို ပြောလဲဆိုတာသိနိုင်တာပေါ့။)

ကဲ အင်္ဂလိပ်စာ သင်မယ်ဆိုရင် နည်းလမ်းတွေက အများကြီးရှိပါသေးတယ်။ ဒီနေ့အတွက်ကတော့ ဒီမျှပါပဲ။ အခုမျှဝေခဲ့တာတွေကတော့ ကျွန်မ အဓိက လုပ်ခဲ့တဲ့နည်းလမ်းတွေဖြစ်ပါတယ်။ နောက်ဆုံးမှာ အားလုံးကို မှတ်မိစေချင်တဲ့ အချက် (၃) ချက်ကတော့ "  ၁ - ဘာသာစကားဆိုတာ အကြားအားဖြင့်၊ အမြင်အားဖြင့်  စတင်သင်ယူတယ်၊ နှုတ်အားဖြင့်၊ အရေးအားဖြင့် ပြန်လည် အသုံးပြုတယ်။  Speaking တက်ချင်လို့ဆိုပြီး တစ်မျိုးထဲ သင်လို့မရပါဘူး။ Reading, Writing, Speaking, Listening အားလုံး လေ့ကျင့်ဖို့လိုပါတယ်။ 

၂ - ပတ်ဝန်းကျင်ကလူတွေရဲ့ ပံ့ပိုးမှုက အရေးပါသလို၊ ကိုယ်တိုင်ကလည်း လေ့လာထားတဲ့ အရာတွေကို အမြဲစမ်းပြီး သုံးနေဖို့လိုတယ်။ ဘာသာစကားလေ့လာတဲ့အခါ ဘာသာစကားရဲ့ သဒ္ဒါတွေ၊ စည်းမျဉ်းတွေကိုကြည့်ပဲ လေ့လာလို့ မရဘူး၊ ဘာသာစကားကို အသုံးပြုပြီး ပြောမယ့် အကြောင်းအရာတွေနဲ့ ချိတ်ဆက်လေ့လာမှ ပိုထိရောက်တယ်။

၃ - ပြီးရင် အရေးကြီးဆုံးကတော့ ကျွန်မတို့တစ်တွေ မွေးမွေးချင်းကနေ အခုအချိန်ထိ အသစ်တွေ သင်ယူနေရဆဲဖြစ်ပါတယ်။ အင်္ဂလိပ်စာ သင်ယူတဲ့အခါမှာလဲ အခုသင် အခုတတ်ဆိုတာမျိုးက မဖြစ်နိုင်တဲ့အတွက် တစ်လလောက် အပြတ်သင်၊ နွေရာသီအတတ်သင်တွေဆိုတာ မဖြစ်နိုင်ဘူးဆိုတာ သိစေချင်ပါတယ်။ ဘာသာစကားတစ်ခုကို ကျွမ်းကျင်ဖို့ အချိန်၊သင်ယူလိုစိတ်၊ပူးပေါင်းမှု၊ဗဟုသုတ အများကြီးလိုပါတယ်။" 
ကျွန်မရဲ့ သင်ယူမှု အတွေ့အကြုံကနေ တစ်စုံတစ်ခု ရလိုက်မယ်ဆိုရင် ကျွန်မ ဝမ်းသာမိမှာပါ။ အားလုံး သင်ယူမှုမှာ ပျော်မွေ့သူတွေ ဖြစ်ကြပါစေ။

မေတ္တာဖြင့်….
                Sayarma-ဆရာမ

Popular Posts

အင်္ဂလိပ်စာ လေ့လာနည်း

အင်္ဂလိပ်စာ အကြားစွမ်းရည်အတွက် ဝင်ရောက်လေ့လာနိုင်သော website 5 ခု