သင့်ပထဦးဆုံး ဝေါဟာရမှတ်စုအတွက် လမ်းညွှန်ချက်
စကားလုံးအသစ်တွေကို ကြားရ၊ ဖတ်ရတဲ့အခါ အဲ့ဒီစကားလုံးတွေကို ကျက်မှတ်လေ့လာဖို့ အားထုတ်ရပါမယ်။ သတင်းကြည့်နေတုန်း ပထမဆုံးအကြိမ်အဖြစ် ကြားလိုက်ရတာဖြစ်စေ၊ နွားနို့်စက္ကူဗူးကျောဘက်မှာ ရေးထားတာတွေထဲက တွေ့လိုက်ရတာဖြစ်စေ၊ မှတ်တမ်းလုပ်ထားပါ။ တစ်နေရာရာမှာ ရေးချမှတ်သားထားပါ။ ဒါပေမဲ့ အဲ့ဒီလိုလေ့လာထားတဲ့စကားလုံးတွေကို မေ့မသွားအောင် ဘယ်လိုလုပ်ရမလဲ။ အချိန်ကာလကြာမြင့်လာတာနဲ့ အမျှ သင့်လေ့လာထားတဲ့ စကားလုံးတွေအားလုံးကို မှတ်မိနိုင်ပါဦးမလား။
အင်္ဂလိပ်စာ စာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်ဖို့အတွက် ဝေါဟာရတွေ တိုးပွားအောင်လုပ်ရတာဟာ မဖြစ်မနေလုပ်ရတဲ့ အရာဖြစ်ပါတယ်။ ဒါပေမဲ့အဲ့ဒီလိုလုပ်ဖို့ အချိန်နှင့် လေ့ကျင့်မှု အများကြီးလိုအပ်ပါတယ်။ အဲ့ဒါကိုလွယ်ကူအောင် ပြုလုပ်ဖို့အတွက် ဝေါဟာရ စကားလုံးလေ့လာတည်ဆောက်မှုကို စံနစ်တကျပြုလုပ်ရမှာ ဖြစ်ပါတယ်။
သင့်ပထမဦးဆုံး ဝေါဟာရမှတ်စုကို ဘယ်လိုလုပ်မလဲဆိုတဲ့ ကျွန်တော်တို့ရဲ့ လမ်းညွှန်ချက်ကို ဖတ်ကြည့်ပါ။
၁။ တစ်ကယ့် မှတ်စုစာအုပ်တစ်အုပ်
အကယ်လို့သင်က မှတ်စုကို ခဲတံ၊ ဘောပင်သုံးပြီး စာရွက်ပေါ်မှာ ချရေးရတာကို နှစ်သက်တယ်ဆိုရင်တော့ မှတ်စုစာအုပ်တစ်အုပ်ကို သတ်သတ်မှတ်မှတ်ထားတာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ရေးမှတ်သမျှ အကြောင်းအရာမျိုးစုံဟာ ဒီတစ်နေရာတည်းမှာဘဲ စုစုစည်းစည်းနဲ့ ရှိနေမှာမို့လို့ပါ။ မှတ်စုစာအုပ်ကိုလည်း အက္ခရာစဉ်အလိုက် စာမျက်နှာခွဲလို့ရတဲ့ဟာမျိုး၊ ဒါမှမဟုတ် အရောင်စုံတွေနဲ့ စာမျက်နှာခွဲလို့ရတဲ့ဟာမျိုးတွေသုံးရင် အဆင်ပြေပါတယ်။ အဓိကကတော့ သင်ပြန်ရှာဖွေလိုတဲ့ အကြောင်းအရာကို လွယ်လင့်တကူ ပြန်ရှာနိုင်အောင် စံနစ်တကျလုပ်ထားဖို့ဘဲ ဖြစ်ပါတယ်။ ဥပမာ - နေ့စွဲ၊ အချိန် စတာတွေနဲ့ ခွဲမှတ်မှာလား ဒါမှမဟုတ် noun တွေကို verb တွေရဲ့ အရှေ့ဘက်မှာထားပြီး ရေးမှတ် မှာလား စသည်ဖြင့် ဖြစ်ပါတယ်။
၂။ မှတ်စုကဒ်ပြားများ
Notecards ဆိုတဲ့ မှတ်စုကဒ်ပြားတွေဟာ အလွယ်တကူသယ်ဆောင်သွားနိုင်တဲ့ ဝေါဟာရမှတ်စုတွေ ဖြစ်ပါတယ်။ ဘောင်းဘီ၊ အင်္ကျၤၤ ီ အိတ်ကပ်ထဲတည့်ယူသွားလို့ ရပါတယ်။ ကဒ်ပြားတစ်ကဒ်စီကို စကားလုံးတစ်လုံးနှင့် အနက်ဖွင့်ဆိုချက်အတွက်သာ သီးသန့်ထားပြီး နေ့စဉ်ကဒ်တွေကို လှည့်လည်ရောမွှေပြီး ကျရာစကားလုံးကို အားတဲ့အချိန်လေးတွေမှာ ဥပမာ - ဘတ်(စ)ကားစီးရင်း တစ်လုံးချင်းစီ အလွတ်ကျက်မှတ်တာမျိုး လုပ်လို့ရပါတယ်။ ကဒ်အလွတ်လေးတွေကိုလည်း အိပ်ထဲမှာ ဆောင်ထားခြင်းအားဖြင့် စကားလုံးအသစ်တွေ့တဲ့အခါ အလွယ်တစ်ကူထုတ်ပြီး ရေးမှတ်လို့ရပါတယ်။ ဒါပေမဲ့ကဒ်ပြားတွေဖြစ်လို့ ဟိုဟိုဒီဒီပြန့်ကျဲပြီး မကြာခဏပျောက်တတ်တာတို့ ဖြစ်တတ်တာမို့ တစ်နေရာတည်းမှာ သပ်သပ်ရပ်ရပ် စုစည်းသိမ်းထားဖို့တော့ လိုပါမယ်။
၃။ ကပ်ခွာမှတ်စုများ
Sticky notes ဆိုတဲ့ကပ်ခွာစာရွက်လေးတွေဟာလည်း မှတ်စုကဒ်ပြားလေးတွေလိုဘဲ အလွယ်တကူသယ်ယူသွားလို့ရတဲ့ စကားလုံးမှတ်စုစာအုပ်ပင်ဖြစ်ပါတယ်။ အဲ့ဒါတွေကို သတိပေးတဲ့ reminder မှတ်စုပုံစံလိုမျိုး မိမိအမြဲမြင်တွေ့နေရတဲ့ နေရာတွေမှာ၊ ဘယ်လိုမျက်နှာပြင်မျိုးမှာမဆို ဥပမာ - သင့်စာရေးစားပွဲပေါ်မှာ သင့်မှတ်စုစာအုပ်ပေါ်မှာ ကပ်ထားလို့ရပါတယ်။
၄။ virtual ဒစ်ဂျစ်တယ်မှတ်စု
သင်မှတ်ထားတဲ့ ဝေါဟာရမှတ်စုတွေကို သင်ရောက်လေရာ အရပ်ကနေ ပြန်ကြည့်လိုတယ်ဆိုရင်တော့ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပါ။ သင့်အတွက် နေ့စဉ်စကားလုံးအသစ်တွေကို ရေးမှတ်ဖို့ ဘလော့ဂ်စာမျက်နှာတစ်ခု ဖန်တီးထားရပါမယ်။ ဒါမှမဟုတ် မှတ်စုရေးမှတ်လို့ရတဲ့ အက်ပလီကေးရှင်းတစ်ခုခုကို ဒေါင်းလုပ်ဆွဲကာ သင်ကြိုက်နှစ်သက်ရာကို ရေးမှတ်သိမ်းထားလို့ရပြီပေါ့။ ဒါတင်မကဘဲ သင်စကားလုံးအသစ်တွေ့တဲ့ ပေ့ချ်တွေ၊ ဝဘ်ဆိုဒ်တွေကို ဓါတ်ပုံရိုက်တာဘဲဖြစ်ဖြစ်၊ ပုံကြမ်းရေးဆွဲတာဖြစ်ဖြစ်လုပ်ပြီး မှတ်လို့ရပါသေးတယ်။
အကယ်လို့သင်က စာရွက်နဲ့ ချမှတ်တာတို့၊ ဒါမှမဟုတ် ဒစ်ဂျစ်တယ်အက်ပလီကေးရှင်းတွေကို သုံးရတာတို့ကို သိပ်မကြိုက်လှပါဘူးဆိုရင် သင့်အတွက် အလုပ်ဖြစ်မယ့် ပုံစံတွေ့တဲ့အထိ အဲ့ဒီနှစ်မျိုးကို အလျဉ်းသင့်သလို ရောနှောပြီး အသုံးပြုသွားလို့ရပါတယ်။ သင့်ရဲ့ ဝေါဟာရ စကားလုံးမှတ်စုဟာ သင့်ရဲ့ လေ့လာသင်ယူရေး နည်းစံနစ်နဲ့ ကိုက်ညီမှုတော့ ရှိပါစေ။ ဥပမာ - သင်က ဓါတ်ပုံတွေ၊ ရုပ်ပုံတွေနဲ့ လေ့လာရင်ပိုပြီး အတတ်မြန်တဲ့ visual learner တစ်ဦးလား၊ ဒါမှမဟုတ်စာရွက်တွေပေါ်မှာ ချရေးရင်းနဲ့မှ အလွတ်ကျက်ဖို့ ပိုလွယ်ကူတာလားစသည်ဖြင့်ပေါ့။
သတိပြုရမှာကတော့ ဒ်ီလိုမျိုးတွေလုပ်ဖို့ အတွက်ကတော့ ပုံသေနည်းသတ်မှတ်ထားတဲ့ နည်းလမ်းတွေ မရှိပါဘူး။ သင့်ရဲ့ လေ့လာသင်ယူရေး နည်းဗျူဟာနဲ့ အံဝင်တဲ့ နည်းလမ်းကိုဘဲ လုပ်ဆောင်ဖို့ ကျွန်တော်တို့ တိုက်တွန်းလိုပါတယ်။ စကားလုံးအသစ်တွေကို နေ့စဉ်ချရေးတတ်တဲ့ အကျင့်ကောင်းတစ်ခုကို ကြိုးစားပြီး မွေးမြူပါ။