ငပျင်းတို့အတွက် အင်္ဂလိပ်စာ
အင်္ဂလိပ်စာသည် ကမ္ဘာသုံးဘာသာစကား ဖြစ်၏။ အင်္ဂလိပ်စာတတ်လျှင် အလုပ်ကောင်း ကောင်း ရနိုင်မည်။ အင်္ဂလိပ်လို ဖတ်မှတ်လေ့လာနိုင်ပါက ပညာရပ်အတော်များများကို လေ့လာ ဖတ်ရှုနိုင်မည်။ မြန်မာနိုင်ငံနှင့်အင်္ဂလန်တို့ မိုင်ပေါင်းထောင်ချီ ဝေးကွာသော်လည်း အင်္ဂလိပ်လို ကောင်းကောင်း ပြောတတ်သူက မြန်မာနိုင်ငံတွင် လူတွင်ကျယ်လုပ်နိုင်၏။ မြန်မာနိုင်ငံတွင် အင်္ဂလိပ် စကားကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပါက သူလိုသာမန်လူတန်းစားတစ်ဦးအတွက် ပိုမိုအဆင်ပြေ ချောမွေ့မည်ကို ကိုမျိုး ကောင်းကောင်း သိပါ၏။ သို့သော် ခက်တာက သူက အင်္ဂလိပ်စာကို သင်တန်းတက်ဖို့ ပျင်းသလို အင်္ဂလိပ် စာသင်တန်းကောင်းတွေအတွက် အကုန်အကျခံတက်စရာ ငွေကလည်း သိပ်မရှိ။
‘‘ရန်ကုန်မှာတော့ အင်္ဂလိပ်စာ သင်တန်းတွေက အများကြီး ပေါ့။ အမေရိကန်စင်တာတို့၊ ဘီစီတို့မှာ နေးတစ်စပီကာနဲ့ သင်မလားရတယ်။ ပြည်တွင်းက နာမည်ကြီး ထိပ်တန်းဆရာတွေရဲ့ သင်တန်းတွေ တက်မလား၊ ကြိုက်တာတက်လို့ရတယ်။ ဒါပေမဲ့ ငွေလေ ငွေကရှိသေးတယ်။ သင်တန်းတွေက ကောင်းရင် ကောင်းသလို ဈေးသိပ်ကြီးတယ်။ တော်ရုံလူ မကပ်နိုင်ပါဘူး’’
နောက်တစ်ချက်က သူသည် စာသင်ခန်းပုံစံအချိန်မှန် အတန်းတက်စာသင်ရသည်ကို အင်မတန်မှ ပျင်းရိသူဖြစ်၏။ တက္ကသိုလ်တက်တုန်းကဆို အရေးကြီးသော အတန်းချိန်များကို မနည်းဖျစ်ညှစ်တက်ခဲ့ရသူ ဖြစ်သည်။ ထို့ပြင် ကားများ အလွန်ကျပ်ညပ်ပိတ်ဆို့နေသော အခြေအနေမှာ ရန်ကုန်မြို့လယ်ကောင်ရှိ နာမည်ကြီး အင်္ဂလိပ်စာသင်တန်းကို သူ နေထိုင်ရာ မြောက်ဥက္ကလာပကနေ လနှင့်ချီသင်တန်း သွားတက်ဖို့ကလည်း အတော်စိတ်ပျက်စရာ ဖြစ်ပါသည်။ သို့သော်လည်း သူ့ဘဝတက်လမ်းအတွက် အင်္ဂလိပ်စာကား အရေးပါအရာ ရောက်တာကို သိနေသဖြင့် အင်္ဂလိပ်စာကို သူ့နည်းသ့ူဟန် ဖြင့် ပေါက်ပေါက်မြောက်မြောက်လေ့လာသင်ယူဖို့ သူကြိုးပမ်းခဲ့ ပါသည်။
‘‘ကျွန်တော့်သူငယ်ချင်း အတော်များများက အင်္ဂလိပ်စာ ကျွမ်းကျင်ချင်ကြတယ်။ ဒါပေမဲ့ သူတို့က အမေရိကန်စင်တာလို ဘီစီလို သင်တန်းမျိုးတွေ တက်ခွင့်ရမှ ပိုတတ်လာမယ်ထင်ကြတယ်။ တကယ်တော့ အင်္ဂလိပ်စာတတ်ဖို့ ဒီသင်တန်းတွေချည်းပဲ မဟုတ်ဘူးဗျ။ အင်္ဂလိပ်စာတတ်ဖို့ အရေးကြီးဆုံးကတော့ ကိုယ် ဘယ်လောက်ဒီဘာသာကို ရူးသွပ်သလဲ၊ ဘယ်လောက်သိလို စိတ်ပြင်းသလဲဆိုတဲ့ စိတ်ကပဲ အဓိကကျတယ်။ သင်တန်းတွေ ကျောင်းတွေက အဓိကမကျဘူး’’
ငပျင်းတို့ အင်္ဂလိပ်စာဟု ခေါ်သည့် သူ့ဘာသာရယ်စရာ ပေးသည့် ကိုမျိုး၏ အင်္ဂလိပ်စာ လေ့ကျင့်သင်ကြားပုံက စိတ်ဝင်စားစရာကောင်းလှပါသည်။ သူက ပထမဆုံး သူ့ကိုယ်သူ အင်္ဂလိပ်စကား ပြောကြားသည့် ပတ်ဝန်းကျင်ထဲသို့ ငွေကုန်ကြေးကျ မများဘဲ ရောက်အောင်လုပ်ယူသည်ဟု ဆိုပါသည်။
သူက အချိန်ရသည်နှင့် အင်္ဂလိပ်စာပေပေါင်းစုံကို ဖတ်ရှုသည်။ လမ်းဘေးတွင် ရောင်းချ သော အင်္ဂလိပ်စာတန်းထိုး ရုပ်ရှင်များကို တစ်ကားပြီး တစ်ကား အချိန်ယူကြည့်၏။ စကားပြောများ၊ အသုံးများ၊ လေယူလေသိမ်းများကို နားထောင်သည်။ ထို့ပြင် အချိန်အားသည်နှင့် အင်္ဂလိပ်သီချင်းများကို တစ်ချိန်လုံးနား ထောင်သည်။ လိုက်ဆိုသည်။ စာသားများကို စိတ်ကူးထဲမှာ မှတ်မိ နေအောင်လုပ်သည်။ သီချင်းစာသားထဲက သဒ္ဒါတည်ဆောက်ပုံများကို မှတ်သားအတုယူပါ သည်။
‘‘ဝှစ်တနီ ဟူစတန်ရဲ့ I will always love you ဆိုတဲ့ သီချင်းဆို ကျွန်တော်က ကြိုက်တော့ လိုက်ဆိုရင်းနဲ့ စာသားတွေ အကုန်ရနေတယ်။ ဒီသီချင်းက အင်္ဂလိပ်စာ သဒ္ဒါပိုင်းအတွက်လည်း အကျိုးရှိတယ်။ ဒီသီချင်းမှာ အကူကြိယာဖြစ်တဲ့ will က always ရဲ့ အမြဲအရှေ့မှာ ရှိနေမယ်ဆိုတာကို ကျွန်တော်က ပေါ့ပေါ့ပါးပါး သီချင်းဆိုရင်း မှတ်သားမိစေတယ်။ Out of the Blue စတဲ့ အီဒီယမ်သုံးအတော်များများကိုလည်း သီချင်းစာသား တွေ လိုက်ဆိုလေ့လာရင်းနဲ့ ကျွန်တော်သိလာခဲ့တာပါ’’
သူက သိပ်ရှက်ရွံ့တတ်သူ မဟုတ်သဖြင့် မြို့ထဲမှာသွားရင်းလာရင်း နိုင်ငံခြားသားတွေကို ကူညီရင်းဖြင့် သူမှတ်မိသမျှ အင်္ဂလိပ်စာဖြင့် ပြောဆိုလေ့ကျင့် သည်ဟုလည်း ဆိုပါသည်။ အင်္ဂလိပ်စာကို ကျောင်းစာကဲ့သို့ ပညာရပ်တစ်ခုကြီးလို သတိကြီးကြီးထား မပြောရဲဖြစ်နေမည့်အစား ကရင်လူမျိုးတောထဲသွားသည့်အခါ ကရင်လိုတစ်ခွန်းစ နှစ်ခွန်းစ ပြောရင်း ကရင်စကားတတ် သွားသလို ခပ်ရဲရဲ ပြောထွက်ဖို့ လိုသည်ဟု ကိုမျိုးက အကြံပေးပါသည်။ မည်သို့ပင်ဖြစ်စေ ယခုအချိန်မှာ ရန်ကုန်မြို့က အနောက်နိုင်ငံ သံရုံးကြီးတစ်ခုတွင် လုပ်နေသော သူ၏အင်္ဂလိပ်စာအရည်အချင်းက အခြားမြန်မာလူမျိုးများကြားမှာ သိသာပေါ်လွင်လှသည်။ ထို့ ကြောင့် ကိုမျိုး၏ ငပျင်းအင်္ဂလိပ်စာလေ့လာနည်းက အလုပ်ဖြစ်ခဲ့သည်ဟု ဆိုရပေမည်။
အင်္ဂလိပ်စာမှာ ပြောဆိုနားထောင်မှုအပြင် ဖတ်ရှုရေးသားနည်းစွမ်းရည်ကလည်း အရေးပါလှပါသည်။ မကြာသေးမီက ပညာတော်သင်ဆု တစ်ခုဖြင့် အမေရိကန်နိုင်ငံသို့ ရောက်လာသော မဥမ္မာကတော့ ရန်ကုန်မြို့ ဗြိတိသျှကောင်စီ စာကြည့်တိုက်၏ ကျေးဇူးဖြင့် သူ၏အင်္ဂလိပ်စာ စာဖတ်စွမ်းရည်တိုးတက်ပြောင်း လဲလာခဲ့သည်ဟု ဆိုပါသည်။ မဥမ္မာကလည်း ကိုမျိုးလိုပင် ဈေးကြီးလှသော အင်္ဂလိပ်စာသင်တန်းများကို မတက်ရောက်နိုင် ခဲ့ပါ။ သို့သော် ၂၀၀၆ ဝန်းကျင် က ဒေါ်လာ ၂၀ ပေးပြီး ဗြိတိသျှ ကောင်စီ စာကြည့်တိုက် အသင်းဝင်ပြီး စာအုပ်တွေ ငှားဖတ်နိုင်ခဲ့သည်ဟု ဆိုပါသည်။
‘‘ဘီစီစာကြည့်တိုက်မှာ ၂၀ ပေးပြီး အသင်းဝင်တော့ စာအုပ် ငှားခွင့်၊ အင်တာနက်သုံးခွင့်ရတယ်။ အင်္ဂလိပ်စာလေ့လာရေး စာအုပ်တွေတော့ တွေ့ပါရဲ့။ ဒါပေမဲ့ စိတ်မဝင်စားတော့ ဖတ်လိုက်တိုင်းပျင်းပြီး အိပ်ငိုက်လာတယ်။ အဲဒီမှာ ဒိုင်ယာနာမင်းသမီး ချားလ်စ်မင်းသားနဲ့ ကမီလာတို့ရဲ့ ဇာတ်လမ်းတွေကို ရေးထားတဲ့ Diana's her true story ဆိုတဲ့ စာအုပ်ကိုသွားတွေ့တယ်။ ကျွန်မက ဒိုင်ယာနာကိုသိပ်ကြိုက်တော့ ဘာတွေများ ရေးသလဲဆို ပြီး ဖတ်ချလိုက်တာ တစ်ထိုင်တည်းနဲ့ စာအုပ်တစ်ဝက်ကုန်သည်အထိ ဖတ်ဖြစ်သွားပါရော’’
ထိုအခါမှ အင်္ဂလိပ်စာကို စိတ်ဝင်တစားဖတ်ဖြစ်ဖို့ ကျောင်းစာအုပ်များကိုပဲ ဖတ်ရမည်ဆို သည်ထက် ကိုယ်စိတ်ဝင်စား သော စာဖြင့် စာများများ ဖတ် ဖြစ်အောင် လုပ်ရမည်ဟု မဥမ္မာက သဘောပေါက်လာသည်။ ထို့ နောက် ရန်ကုန်မြို့ဗြိတိသျှကောင်စီစာကြည့်တိုက်က သူစိတ်ဝင် စားသော ဗြိတိန်တော်ဝင် မိသားစု မင်းသား၊ မင်းသမီးများအကြောင်း ရေးသားသည့် People မဂ္ဂဇင်းလို စာအုပ်များကိုသူက ငှားပြီး ပုံမှန်ဖတ်ခဲ့သည်။ ဖရန်ကင်းစတိန်းလို ကြောက်စရာလျှို့ ဝှက်သည်းဖို စာအုပ်တွေကိုလည်း သူကကြိုက်၏။ သူစိတ်ဝင်စား သော အရာဖြစ်သဖြင့် ကျောင်းစာဖတ်သလို မဟုတ်။ စာတွေက သူ့ကိုလက်က မချချင်အောင်၊ ပို ဖတ်ချင်လာအောင် ဆွဲခေါ်သွား ၏။ သူကိုယ့်သူ မသိလိုက်ခင်မှာ နာရီများစွာ သူက အင်္ဂလိပ်စာဖြင့် ရေးထားသော စာမျိုးစုံကို ဖတ်ရှု ဖြစ်ခဲ့သည်။ သူဖတ်ချင်သော အကြောင်းအရာများက မသိသောစကားလုံးများကို အဘိဓာန်လှန်ကြည့်ရာကနေ စကားလုံးအသစ် များစွာကို သူက မှတ်မိသိရှိလာခဲ့ သည်။
‘‘နောက် ၂ နှစ်၊ သုံးနှစ်အကြာမှာ ကျွန်မရဲ့ အင်္ဂလိပ်စာဖတ် နိုင်တာ နားလည်မှုက သူငယ်ချင်းတွေတောင် အံ့သြယူရတယ်။ ဝေါဟာရတွေဆိုလည်း ကျွန်မက အများကြီးသိနေသလို ဖြစ်နေတယ်။ အမှန်တော့ ကျွန်မက ကျောင်းသင်ရိုးစာအုပ်တွေလည်း ဖတ်တာ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အင်္ဂလိပ် စာအုပ်တွေကိုတော့ အများကြီး ဖတ်ဖြစ်ခဲ့တာပေါ့’’
အမေရိကန် နိုင်ငံခြားရေး ဌာန နိုင်ငံခြားဘာသာလေ့လာ ရေးအဖွဲ့၏ သုတေသနပြုချက်များအရ မြန်မာဘာသာစကားသည် အင်္ဂလိပ်စကားပြောဆိုသူ အမေရိကန်နှင့် ဗြိတိန်လူမျိုးများ အတွက် သင်ယူလေ့လာရာမှာ ခက်ခဲမှု အဆင့်သုံးတွင်ရှိသော ဘာသာစကား ဖြစ်ပါသည်။ ထိုင်း ဘာသာကတော့ အဆင့်နှစ်မှာ ရှိပြီး တရုတ်ဘာသာကမူ အဆင့်လေးမှာ ရှိပါသည်။
မြန်မာလူမျိုးများအတွက် တော့ အင်္ဂလိပ်စာသည် အဆင့်နှစ်မှာသာ ပါဝင်သော ဘာသာစကားတစ်ခုဖြစ်ပြီး သင်ယူရန်လွယ်ကူသော ဘာသာစကားထဲမှာ ပါဝင်ပါသည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် အသက် (၅)နှစ်အရွယ် သူငယ်တန်းမှစပြီး ဘွဲ့ရသည်အထိ အင်္ဂလိပ်စာကို နှစ်များစွာ သင်ယူခဲ့ရ သော်လည်း မြန်မာနိုင်ငံက သာ မန်ဘွဲ့ရတစ်ဦး၏ အင်္ဂလိပ်စာ မှာ သိသာစွာ ထူးခြားကောင်းမွန် မနေပါ။ အဓိကကတော့ သင် ကြားသည့်စနစ်ကွာခြားလှပြီး ထိရောက်မှုမရှိသည့်အတွက် ဖြစ်ပါ သည်။
‘‘ကျွန်မတို့ ကျောင်းမှာတစ် နေ့ကို ငါးနာရီနဲ့ အမေရိကန် ကျောင်းသားတွေကို မြန်မာစာသင်တယ်။ သုံးလကျော်ရင် ကောင်းကောင်း ရေးနိုင်၊ ဖတ်နိုင်၊ပြောနိုင်သွားပြီ။ သေချာသုံးသပ်ကြည့်တော့ ကျွန်မတို့ရဲ့ ဘာသာစကားကို လေ့လာ သင်ယူတဲ့စနစ်နဲ့ သူတို့ရဲ့စနစ်က အရမ်းကိုကွာခြားနေတယ်’’ဟု အမေရိကန်နိုင်ငံဗာဂျီးနီးယားပြည်နယ် ဘာသာစကားသင်တန်းကျောင်းမှ မြန်မာစာဆရာမ ဒေါ်မေငြိမ်းက ပြောပါသည်။ များသောအားဖြင့် နိုင်ငံတကာ ဘာသာစကားကျောင်းများတွင် ဘာသာစကားကို သင်ယူသည့်နည်းမှာ ကျောင်းသားကို အခြေပြုသင်ကြားသည့် စနစ်ဖြစ်ပြီး ကျောင်းသားကို များများပြော၊ များများ လေ့ကျင့်ခိုင်းစေသည့် နည်းဖြစ်ပါသည်။ ထို့ပြင် သူတို့က စာသင်ခန်းထဲမှာ ဝတ္ထု၊ ရုပ်ရှင်၊ ဗီဒီယို စသော သင်ထောက်ကူပစ္စည်း များ၏ အကူအညီကို များများသုံး ပြီး ကျောင်းသားကို လက်တွေ့ စကားပြောနှင့်လည်း ရင်းနှီးစေ ၏။ ထိုနည်းဖြင့် အမေရိကန် ဗီယက်နမ်စစ်ပွဲကာလမှာ အမေ ရိကန်လူမျိုးများကို ဗီယက်နမ် စကားသင်ပေးကာ ဗီယက်နမ် စစ်မြေပြင်သို့ စေလွှတ်ခဲ့သည်။
ဗီယက်နမ်စကားကို ကျင်ကျင်လည်လည် ပြောတတ်သော အဆိုပါ အမေရိကန်များမှာ ဘာ သာစကားသင်ကြားချိန် တစ်နေ့ ၆ နာရီဖြင့် ခြောက်လသာ သင်ကြားလေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ ကိုမျိုးနှင့် မဥမ္မာတို့လို လူမျိုးများ အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်လာခဲ့သည်ဆိုသည်မှာလည်း စာသင်ခန်းကထက် လက်တွေ့ပေါင်းစပ်ကာ ကိုယ်ပိုင်အားထုတ်လေ့လာမှု ပိုများသည့်အတွက် ဖြစ်ပါသည်။
များသောအားဖြင့် သူ့ပတ် ဝန်းကျင်က လူအတော်များများက ဘာသာစကားများကို ပေါ့ပေါ့ ပါးပါး မလေ့လာဘဲ ဘာသာရပ်ကြီးတစ်ခုလို ကျောင်းသင်ခန်းစာ အဖြစ် သင်ယူမှ၊ သင်တန်းကောင်းကောင်း အချိန်ပေးတတ်မှ တတ် မြောက်မည်ဟု ထင်နေကြသည် ဟု ကိုမျိုးက ဆိုပါသည်။ ပြင်ပ နယ်ပယ်မှာ ကိုယ်တတ်မြောက်ထားသည်ကိုလည်း လိုသလို ထုတ်သုံးဖို့လည်း မဝံ့မရဲ ဖြစ်နေ တတ်ပါသည်။ ထို့ပြင ်ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် လေ့လာလေ့ကျင့် ဖို့ကလည်း သူတို့မှာ ထိုအလေ့အ ကျင့်က သိပ်မရှိ။
‘‘ကျွန်တော်တို့ လာလာ မေး ကြတယ်။ ဒီလိုရာထူးရဖို့ အင်္ဂလိပ်စာဘယ်မှာ တက်ခဲ့သလဲ။ ဘယ်မှာမှ မတက်ပါဘူး။ ကိုယ့်ဘာသာကိုယ် အင်္ဂလိပ် ရုပ်ရှင်တွေကြည့် သီချင်းတွေ နားထောင်၊ ဝတ္ထုဖတ်ပြီး သည်လိုဖြစ်လာတာ ပြောရင်လည်း မယုံကြဘူး။ စိတ်ပါဗျာ။ ကိုယ်ကသာ တတ်ချင်စိတ်ရှိရင် သင်တန်းတွေ ဘာတွေမလိုပါဘူး။ ကျွန်တော်တို့က အသက်ငါးနှစ်ကတည်းက အင်္ဂလိပ်စာနဲ့ ရင်းနှီးနေသူတွေပဲ’’ ဟု ကိုမျိုးက ပြောပါသည်။
ယခုလည်း သူက အားလပ်ချိန်များမှာ ပြင်သစ်ဘာသာစကားကို လေ့လာသင်ယူနေပါသည်။ ပြင်သစ်စာကို သင်တန်းလည်း တက်သလို တစ်ဖက်ကလည်း သူ့နည်းသူဟန် ငပျင်းနည်းနှင့်ပဲ လေ့လာသင်ယူနေသည်ဟု ဆိုပါသည်။